**အချစ်ဆိုတာကို မခံစားတက်သေးတဲ့ အရွယ်တုန်းကကျမကို ချစ်တယ်လို့ပြောခဲ့ဖူးတယ်နော်။
အချစ်ဆိုတာကို ကျမ နားလည်လာတဲ့အချိန်မှာတော့ ကျမနောက်ကျသွားပါပြီ**
နတ်သမီးလောကက် |
လည်မှာဆွဲထားသည့် နတ်သမီးလောကက်သီးလေးကို
သူမကိုင်ကြည့်ပြီး သူ့ကိုသူမသတိရနေမိသည်။ မမျော် လင့်သည့်အချိန် မျော်လင့်မထားသည့်
နေရာတွင်မျော်လင့်မထားသည့်သူနှင့် သူမဆုံဆည်းခဲ့ရသည်။ ထိုမျော်လင့်မထား သည့် အရာအားလုံးသည်
တချိန်ချိန်တွင် သူမ၏နှလုံးသားတစုံကို သိမ်းဆည်းရယူသွားခဲ့သည်။
X – X – X – X – X – X – X – X – X – X - X
ဘော်-ဘော်-ဘွမ်းးးးးးးးးးး
ရပ်ကွက်လမ်းတလျောက်တွင်
ဆိုင်ကယ်ပြိုင်မောင်းနေကြသည့်လူငယ်တစု။ တရပ်ကွက်လုံးက သူတို့ အုပ်စုလေးကို မျက်မုန်းကြိုးနေကြသည်။
အချိန်တန်အရွယ်ရောက်လာပါသော်လည်း ရပ်ကွက်ထဲတွင် အချိန် ပြည့် ဆိုင်ကယ်နှင့်လမ်းသလားနေကြသည်။
“ဟာ ဟိုမှာကောင်မလေးတစ်ယောက် ငါတို့အစဉ်အလာမပျက်
လှုပ်ရှားလိုက်ရအောင်”
ထိုဆိုင်ကယ်အုပ်စုလေးထဲမှ
ကောင်လေးတစ်ယောက်၏အသံပင်သည်း။ ထိုအသံကိုကြားလိုက်သည် နှင့် ဆိုင်ကယ်မောင်းနေကြသည့်
လူတစုသည်ဆိုင်ကယ်ကို တဟုန်းထိုးမောင်းနှင်လိုက်ကြပြီး သူမအနားသို့ ရောက်သော် သူမကိုစနောက်လိုသည်စိတ်များဖြင့်
ဆိုင်ကယ်ကိုဟွန်းတီးသူတီးပြီး သူမကိုနှစ်ပတ်သုံးပတ် ပတ်ပြီးမောင်းသူကမောင်းဖြင့် စိစိညံအောင်ဆူလို့နေပေသည်။
“အမေ့”
သူမသည်ကြောက်အားလန့်အားဖြင့်
မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ တနေရာထဲတွင်စောင့်စောင့် ကလေးထိုင်ချလိုက်သည်။ ဆိုင်ကယ်နှင့်လူတစုသည်
အချက်ပေးသံဖြင့် သူမအနားသို့ တပြိုင်တည်းထွက်ခွာ သွားကြသည်။ သူမနှင့်မနီးမဝေးသို့ရောက်သော်
ဆိုင်ကယ်လေးတစီးသည် ရပ်လိုက်ပြီးသူမကို နောက်ပြန် ကြည့်သည်။ သူမသည်ထိုနေရာလေးမှမထ။
ထိုဆိုင်ကယ်လေးသည် နောက်သို့ပြန်လှည့်မည်အပြု သူ၏အနား သို့အခြားဆိုင်ကယ်နှစ်စီးပြန်လှည့်လာလေသည်။
“မင်းဘယ်ပြန်လှည့်မှာလည်း ငြိမ်းချမ်း”
“ဟိုမှာကွာ ကောင်မလေးအကြောက်လွန်ပြီး
မထနိုင်ဖြစ်နေတာ သွားကြည့်မလို့”
“နင့်ကိစ္စမို့လားကွာ လာငါတို့သွားရအောင်”
“မဟုတ်သေးဘူးလေကွာ သူ့ကိုကြည့်ရတာ တော်တော်ကြောက်နေပုံရတယ်”
“နင်ဒီလောက်သွားကြည့်ခြင်တယ်ဆိုလည်းသွားပေါ့
ငါတို့တော့ဒိုးပြီ”
ငြိမ်းချမ်းကိုနှုတ်ဆက်ပြီး
ယင်းဆိုင်ကယ်လေးနှစ်စီးသည် သူ့အနားမှတဟုန်ထိုးမောင်းထွက်သွားလေ သည်။ ငြိမ်းချမ်းသည်
ဆိုင်ကယ်လေးကိုဖြေးညင်းစွာ ပြန်လည်ကွေ့လာပြီးသူမအနားသို့ ညင်သာစွာရပ်လိုက် သည်။ ထို့နောက်သူမ၏ပုခုံးနှစ်ဖက်ကို
ဆွဲထူလိုက်သည်။
“မင်းတော်တော်ကြောက်သွားပုံရတယ် ကောင်မလေး”
“ရှင်-ဟိုဟို ဆိုင်ကယ်”
သူစီးလာသည့်ဆိုင်ကယ်ကို
လက်ညိုးတထိုးထိုးနှင့် စကားကိုထစ်ထစ်ငေါ့ငေါ့ဖြစ်နေသော သူမကို သူ သနားသွားသည်။ သူသည်သူမ၏လက်ကလေးကို
ရုတ်တရပ်ဆုတ်ကိုင်လိုက်သည်။ သူမ၏လက်ကလေး သည် အေးစက်လို့နေပေသည်။ သူ့၏အထိအတွေ့ကြောင့်
သူမမျက်လုံးကလေးများ ပြူးကျယ် သွားလေသည်။ ငြိမ်းချမ်းသည် သူမ၏လက်ကို သူ၏လက်တဖက်ဖြင့်
ကိုင်သွယ်အားပေးရင် ကျန်တဖက်ဖြင့် သူမ၏ ပုခုံးလေး ကို ကိုင်ကာဖိညစ်လိုက်သည်။
“ကောင်မလေး မင်းအရမ်းကြောက်နေရင် ဘယ်ကိုပြန်မှာလည်း
ကိုယ်လိုက်ပို့ပေးမယ်”
“ရှင်-ဟိုဟို ဒီဆိုင်ကယ်ကြီးနဲ့”
“အင်းလေ”
“ဟင့်အင်း ဆူးမကြောက်တယ်”
“နာမည်ကဆူးမတဲ့လား ကိုယ့်ကိုမှတ်ထားပေါ့
ကိုယ်နာမည်က မင်းငြိမ်းချမ်းမင်းတဲ့”
“ဟုတ်ကဲ့”
“ကဲလာကိုယ်မင်းအိမ်ကိုလိုက်ပို့ပေးမယ်”
“ရ-ရပါတယ် ဆူးမကိုယ့်ကိုဘဲပြန်ပါ့မယ်”
“မင်းကိုကြည့်ရတာ ဆိုင်ကယ်စီးရမှာကို
သိမ့်ကြောက်နေပုံရတယ်”
“ဟို-ဟို”
“ကဲပါကိုယ်ဖြေးဖြေးလေးဘဲ မောင်းမှာပါ
တက်”
“ရှင်”
“ဆိုင်ကယ်ပေါ်တက်လို့ပြောနေတာလေ”
သူမသည်ပြန့်ကျဲနေသော
စာအုပ်များကိုလိုက်ကောက်နေမိသည်။ ငြိမ်းချမ်းတစ်ယောက်သူမ၏ စာအုပ် လေးများကို လိုက်လံစုဆည်းကောက်ကူလိုက်မိသည်။
ထို့နောက်စာအုပ်များကို သူ၏ဆိုင်ကယ်အရှေ့ခြင်း လေးထဲသို့ ထဲ့လိုက်သည်။ ထို့နောက်သူဆိုင်ကယ်ပေါ်သို့ထိုင်လိုက်ပြီး
မောင်းရန်အသင့်အနေအထား ပြင်လိုက် သည်။ သူမသည်ဆိုင်ကယ်ခြင်းလေးထဲရောက်နေသည့် သူမ၏စာအုပ်များကို
ယူရန်ဆိုင်ကယ်ခေါင်းနားသို့ မရောင်မလည်နှင့်ရောက်သွားလေသည်။
“ဆူးမ”
သူ၏ခေါ်သံကြောင့် စာအုပ်များကိုလှမ်းယူမည့်
သူမ၏လက်ကလေးများ တွန့်ဆုတ်သွားလေသည်။
“မင်းကို ပြန်ပို့ပေးမယ်လို့ ကိုယ်ပြောနေတယ်လေ၊
လာဆိုင်ကယ်ပေါ်တက်”
“ဟို-ဟို”
“မင်းဘာမှဆက်မပြောနဲ့ တက်ဆိုတက်လိုက်”
သူလေသံနည်းနည်းလေးတင်းပြီးပြောလိုက်မိသည်။
သူမသည်သူ့ကိုတချက်ကြည့်ပြီး ခေါင်းကလေး ကိုငုံ့ကာ ဆိုင်ကယ်နောက်သို့လျောက်သွားလိုက်သည်။
X – X – X – X – X – X – X – X – X – X - X
“တီးးးတီးး”
သူမ၏လမ်းညွန်မှုကြောင့်
ဆိုင်ကယ်ကလေးသည် ခြေတံရှည်လုံးခြင်းပြင်ထောင်အိမ်လေးတအိမ်တွင် ရှိခြံဝန်းလေးထဲသို့
မောင်းဝင်လာခဲ့သည်။ သူမသည်ဆိုင်ကယ်နောက်တွင် ရင်တထိပ်ထိပ်ဖြင့် လိုက်ပါလာခဲ့ သည်။ သို့သော်သူသည်ဆိုင်ကယ်ကိုဖြေးညင်းညင်သာစွာမောင်းလာသည်ကို
သူမှအံ့သြနေမိသည်။ ဟွန်းတီး သံကြောင့် အိမ်ထဲမှအမျိုးသမီးတဦးထွက်လာသည်ကို ငြိမ်းချမ်းတွေ့လိုက်ရသည်။
“သမီးငယ်
ဘာဖြစ်လာတာလည်း အမေ့ကိုပြောစမ်း အမေရင်ထိပ်လိုက်တာ”
“ဘာမှမဖြစ်ပါဘူးဒေါ်ဒေါ် ဒေါ်ဒေါ်သမီးလမ်းမှာအကြောက်လွန်နေလို့ ကျတော်ပြန်လာပို့တာပါ”
“ဘယ်လိုသမီး အမေ့ကိုနားလည်အောင်းပြောပြစမ်းပါဦး”
“ဟို-ဟို ဆိုင်ကယ်-”
“ဟုတ်ပါတယ်ဒေါ်ဒေါ် ကျတော်တို့သူငယ်ချင်းတွေ ဆိုင်ကယ်စီးကစားကြတာ
နည်းနည်းကြမ်းသွားလို့ ဆူးမက ကြောက်ပြီးမပြန်ရဲဖြစ်နေတာကို ကျတော်ကပြန်လိုက်ပို့တာပါ”
ဆိုင်ကယ်လေးကို
လက်ညိုးထိုးပြီး စကားတထစ်ထစ်ဖြစ်နေသော သူမကိုယ်စား ငြိမ်းချမ်းဝင်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်
ငါ့တူရယ် ဒေါ်ဒေါ်သမီးကအဲ့လိုဘဲ ဒါ့ကြောင့်ဒေါ်ဒေါ်တို့ကစိတ်မချဖြစ်နေတာ”
“အမေ
ဘာဖြစ်ကြတာလည်း”
နောက်မှထွက်ပေါ်လာသည့်အသံကြောင့်
သုံးဦးသားလှည့်ကြည့်လိုက်မိသည်။
“အော်
သား-ဒီမှာလေးသားညီမလေး လမ်းမှာကြောက်နေတာလို့ဒီက မောင်ဘယ်သူ--”
“ငြိမ်းချမ်းပါဒေါ်ဒေါ်”
“အေး မောင်ငြိမ်းချမ်းလိုက်ပြန်ပို့ပေးတာတဲ့”
“ကျေးဇူးတင်ပါတယ်ကိုငြိမ်းချမ်း ကျတော်ရဲထက်ပါ”
“ကျတော့်ကိုပြန်ခွင့်ပြုပါဦး သူငယ်ချင်းတွေနဲ့ချိန်းထားလို့ပါ”
“အေးကွယ်နောက်ဆိုဒေါ်ဒေါ်တို့ဆီကို ၀င်ထွက်နိုင်ပါတယ်”
သူသည်ဒေါ်ထွေးငယ်တို့ကိုနှုတ်ဆက်ပြီး
ဆိုင်ကယ်လေးကိုဖြေးညင်းစွာမောင်းနင်ထွင်ခွာသွားလေသည်။
“ညီမလေး
ဘယ်လိုဖြစ်တာလည်း နောက်ဆိုရင်ဘယ်သွားသွား ကိုကြီးကိုပြော ကိုကြီးလိုက်ပို့ပေးမယ် ဟုတ်ပြီ
လား”
“ဟုတ်”
“ကဲအဲ့လိုဆိုလည်း
ထမင်းခူးတော့ ကိုကြီးတို့ထမင်းစားကြမယ်”
သူမသည်အကိုဖြစ်သူကိုခေါင်းကလေးညိမ့်ပြပြီး
အိမ်ပေါ်ထပ်သို့တက်သွားလေသည်။
X – X – X – X – X – X – X – X – X – X - X
“ငြိမ်းချမ်း မင်းဘာတွေစဉ်းစားနေတာလည်း”
“ကောင်မလေးတစ်ယောက်အကြာင်း”
“မင်းကလည်းကွာ
တခါလာလည်းဒါဘဲ ဆိုင်အစဉ်လာမပျက် ဆိုင်ကယ်စီးရအောင်”
“စိတ်မပါတော့ဘူးကွာ”
“မင်းကဘာလုပ်မှာလည်း”
“ငါကောင်မလေးအိမ်ကိုသွားမယ်စိတ်ကူးတယ်”
“မင်းသွားရင်
ငါတို့လည်းလိုက်မယ်ကွာ မင်းဒီလောက်ညွန်းနေတဲ့ ကောင်မလေးအကြောင်း ငါတို့လည်းစိတ်ဝင်
စားတယ်”
မင်းငြိမ်းချမ်းမင်း ဦးဆောင်ပြီးသူမတို့အိမ်လေးရှိရာသို့
ဦးတည်လာခဲ့လေသည်။ ဆိုင်ကယ်ဟွန်းတီးသံကြောင့် ကောင်မလေးအိမ်ထဲမှထွက်လာသည်ကို သူမြင်တွေ့လိုက်ရသည်။
ကောင်မလေး၏မျက်နာကို သူမြင်လိုက်ရချိန်တွင် သူရင်တခုလုံးကိုအေးမြပြီးအမောပြေစေခဲ့သည်။
နက်မှောင်ပျော့ပြောင်းသော ဆံကေသာအလှနှင့်အတူ ဖြူစင်ဝင်းပသော သူမ၏အသားအရေနှင့်တကွ လှပကျော့ရှင်းသော
သူမခြေလှမ်းကလေးများကြောင့် သူနှင့်အတူအားလုံးက ငေးမောယူရ လောက်အောင်ပင် သိမ်မွေ့လွန်းလှသည်။
“လာလေကိုငြိမ်းချမ်း
အိမ်ပေါ်တက်ပါဦး”
သူမ၏ဖိတ်ခေါ်မှုကြောင့် ငြိမ်းချမ်းမင်းတို့သူငယ်ချင်းတစု
သူမ၏အိမ်လေးပေါ်သို့ တက်သွားကြသည်။ သူမသည် ဖျာလေးတစ်ချက်ကိုခင်းပေးပြီး အားလုံးကိုထိုင်စေခဲ့သည်။
ထို့နောက်အကြမ်းပန်းကန်လုံးလေးများချပေးလေသည်။
“လောလောဆယ်တော့
ဒါလေးနဲ့ဘဲဧည့်ခံပါရစေ အမေနဲ့ကိုကြီးဈေးကပြန်လာမှ စားစရာတွေပါမှာဆိုတော့”
“ဟာကိစ္စမရှိပါဘူးဆူးမ
ကိုယ်တို့ကလမ်းကြုံလို့ဝင်လာတာ ဒါကိုယ့်သူငယ်ချင်းတွေ သူကကြည်စိုး၊ သူကတော့ ကိုရဲ”
“ဟုတ်ကဲ့
တွေ့ရတာဝမ်းသာပါတယ်”
“ကျတော်တို့လည်းဝမ်းသာပါတယ်ဗျာ
ထင်တောင်ထင်မထားဘူး”
“ရှင်-ဘာကိုထင်မထားတာလဲနော်”
“ဆူးမကသိမ့်ရိုးတာဘဲနော်
ပြီးတော့ငြိမ်းချမ်းပြောသလိုဘဲ ဗျိုင်းမလေးတစ်ကောင်နဲ့တူတယ်”
“ဗျိုင်း”
“မင်းတို့ဘာတွေလျောက်ပြောနေတာလည်းကိုရဲ”
“ငါတို့က
ဘာပြောနေလို့လည်း”
“ဗျိုင်းမလေးဆို”
“အေးမင်းပြောမှသတိရတယ်
ဟုတ်တယ်ငြိမ်းချမ်း ဒီကောင်ငြိမ်းချမ်းလေ ခုတလောအရမ်းကိုပြောင်းလဲနေတာ”
“ဘာလို့ပြောင်းလဲတာလည်းဟင်”
“ဗျိုင်းမလေးကြောင့်
အော် ဆူးမကြောင့်”
“ရှင်
ဆူးမကြောင့်”
“ဟုတ်တယ်
ဒီကောင် ဆိုင်ကယ်ပြိုင်မောင်းဖို့ခေါ်တိုင်း မရဘူးဖြစ်နေတယ်”
“အဲ့ဒါဆူးမနဲ့
ဘာဆိုင်လို့လည်း”
“သူကဆိုင်ချင်နေတာလေ”
“အို
ဘာတွေပြောနေကြမှန်းလည်းမသိဘူး”
ရှက်စိတ်များဖြင့်ခေါင်းကလေးငုံ့သွားသော သူမကိုသူသေခြာကြည့်လိုက်မိသည်။
သူမ၏မျက်နှာလေးသည် ပန်းနု ရောင်နှင်းဆီတပွင့်ကဲ့သို့ ရှက်သွေးဖြာနေပေသည်။
“ဧည့်သည်တွေရောက်နေတာကို
သမီးလေး ဧည့်သည်ကို ဒီတိုင်းထားရသလားကွယ်”
မိခင်ဖြစ်သူ၏အသံကိုကြားရတော့မှပင်
သူမခေါင်းကလေးမော့လာလေသည်။
“အမေတို့တောင်ပြန်လာပြီ”
“ဟုတ်တယ်သမီး
ဒီမှာအသီးလေးတွေပါတယ် မောင်ငြိမ်းချမ်းတို့ကို ဧည့်ခံလိုက်ဦး”
“ရပါတယ်ဒေါ်ဒေါ်
ကျတော်တို့ပြန်တော့မှာပါ ဆူးမတစ်ယောက်ထဲဖြစ်နေလို့ ခနထိုင်နေတာပါဒေါ်ဒေါ်”
“အော်အေးအေး
ကျေးဇူးဘဲ ကဲသားပစ္စည်းတွေသွားသိမ်းလေ”
“ဟုတ်ကဲ့အမေ”
“ကျတော်တို့ကိုပြန်ခွင့်ပြုပါဦးဒေါ်ဒေါ်”
“အေးအေးကောင်းပါပြီ
နောက်အချိန်ရရင်လည်း ၀င်ထွက်ပေါ့ကွယ်”
“ဟုတ်ကဲ့”
“ဆူးမကျတော်တို့ပြန်လိုက်ပါဦးမယ်”
ငြိမ်းချမ်းမင်းတို့သူငယ်ချင်းတစု
သူမကိုနှုတ်ဆက်ပြီး ထွတ်လာခဲ့သည်။
X – X – X – X – X – X – X – X – X – X - X
“ငြိမ်းချမ်း
မင်းနဲ့ ကောင်မလေးအနေအနေဘယ်လိုလည်း”
“ဒီလိုပါဘဲဟာ”
“မင်းဘက်က
ဘာမှမလှုပ်ရှားရင်တော့ သူ့ဖက်က အိနြေ္ဒရှင်နော် သူများနောက်ပါသွားဦးမယ်”
“ကောင်မလေးသူများနောက်
ပါသွားတာထက် အိမ်ကလူကြီးတွေက ငါကိုခြေညိမ်သွားအောင်ဆိုပြီး ဟိုဖက်ရပ် ကွက်က သင်းသဇင်နဲ့
နေရာချပေးမလို့တဲ့ကွာ”
“ဟ
မင်းဟာကြီးကလည်းကွာ ဒီလိုဆိုရင်တခုခုတော့လုပ်လေ”
“ငါဘယ်ကနေ
ဘယ်လိုစပြောရမယ်မှန်းမသိဘူးကွာ”
“ကဲ့ကွာတို့တွေ
ဒီအတိုင်း ဆိုင်ကယ်ပေါ်ထိုင်နေပြီး ဒီအပင်အောက်ကနေလိုတော့ ဘာမှဖြစ်မလာဘူး လာငါ တို့ကောင်မလေးအိမ်သွားရအောင်”
“ငါတို့လိုက်ဖို့ဖိုသေးလို့လား”
“မင်းတို့ပါတော့
ငါအားရှိတာပေါ့”
“ဒီလိုဆိုလည်း
သွားကြတာပေါ့”
သူငယ်ချင်းများ၏စည်းရုံးမှုကြောင့်
သူတို့အုပ်စုလေးဆိုင်ကယ်ကိုယ်ဆီဖြင့် ဗျိုင်းမလေးတို့အိမ်ကို ရောက်လာခဲ့ သည်။
“ဟော်မောင်ငြိမ်းချမ်းတို့ပါလား
လာထိုင်ကြကွယ်”
“ဒေါ်ဒေါ်နေကောင်းတယ်နော်”
“အေးကောင်းပါတယ်ကွယ်
မင်းညီမတော့မရှိဘူး စာအုပ်သွားငှားမယ်ဆိုပြီး ထွက်သွားလေရဲ့”
ဒေါ်ထွေးငယ်၏စကားကြောင့် သူ့၏မျက်နာတွင် တခုခုကိုစိုးရိမ်စိတ်များ
ထွက်ပေါ်လာလေသည်။ ဒေါ်ထွေးငယ် မရိမ်မိခင် ပျက်ယွင်းနေသော သူ၏မျက်နာကိုချက်ခြင်းပြင်လိုက်သည်။
“ကျတော်တို့
ဒေါ်ဒေါ့်ကိုခွင့်တောင်းစရာရှိလို့ ဒေါ်ဒေါ့်ဆီကိုသမင်လာတာပါဒေါ်ဒေါ်”
“ဘာများလဲ
မောင်ကိုရဲ”
“ဒီလိုပါဒေါ်ဒေါ်
နားနဲ့မနာ ဖ၀ါးနဲ့နာပါလို့ ကျတော်အရင်ဆုံးတောင်းပန်ထားပါတယ် ဟော့ဒီကကျတော့်သူငယ် ချင်းငြိမ်းချမ်း
ဒေါ်ဒေါ်သမီးကိုမေတ္တာရှိနေတာ အဲ့ဒါ”
ငြိမ်းချမ်းသည်ကိုရဲအားမပြောရန် မျက်ရိပ်မျက်ကဲပြပါသော်လည်း
ကိုရဲသည်အထာမသိ။ မိမိပြောလိုသောစကား ကိုသာ ဆက်ပြောနေလေသည်။ ထို့နောက်ငြိမ်းချမ်းတစ်ယောက်
မထူးတော့ပြီမို့ စကားကိုရှေ့ဆက်တိုးလိုက်မိသည်။
“မောင်ငြိမ်းချမ်းက
သမီးလေးကို”
“ဟုတ်ပါတယ်ဒေါ်ဒေါ်
အဲ့ဒါကျတော်ဒေါ်ဒေါ်ကိုခွင့်တောင်းတာပါ ပြီးတော့မှ ကျတော်လူကြီးဆုံရာ သင့်သင့် တယ်တယ်
တောင်းရမ်းလက်ထပ်ယူမှာပါဒေါ်ဒေါ်”
“မောင်ငြိမ်းချမ်းကို
ဒေါ်ဒေါ်အပြစ်ပြောစရာမရှိပါဘူးကွယ် ဒါပေမဲ့သမီးလေးရဲ့သဘောထားကရှိသေးတယ်”
“အဲ့ဒီအတွက်
စိတ်မပူပါနဲ့ဒေါ်ဒေါ် ကျတော်နည်းကျတော့်ဟန်နဲ့ ဆူးမရဲ့အချစ်ကို ရဖို့ကျတော်ကြိုးစားပြီးမှ
ကျန်တာတွေကို ကျတော်စီစဉ်မှာပါဒေါ်ဒေါ်”
“အေးလေ
အဲ့လိုဆိုရင်လည်း မင့်သဘော ဒါပေမဲ့သမီးလေးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကိုတော့ မင်းထည့် တွက်သင့်
တယ်နော်”
“စိတ်ချပါ
ကျတော်ဆူးမအပါအ၀င် ဒေါ်ဒေါ်တို့အားလုံးရဲ့ အရှက်နဲ့ဂုဏ်သိက္ခာကိုထိပါးစေမဲ့ ကိစ္စမျိုးလုံးဝ
မဖြစ် စေရပါဘူး လို့ကတိပေးပါတယ်”
“ကျေးဇူးတင်ပါတယ်
မောင်ငြိမ်းချမ်းမင်းရယ်”
“ကျတော်တို့ကိုခွင့်ပြုပါဦးဒေါ်ဒေါ်”
“အေးအေး”
ဒေါ်ထွေးငယ်ကိုနှုတ်ဆက်ပြီး သူတို့အုပ်စုလေး
အိမ်ပေါ်မှဆင်းလာခဲ့သည်။ မိမိ၏အရှေ့တူရုမှ စက်သံကို မြင့်ပြီး အဟုန်ထိုးမောင်းလာသော
ဆိုင်ကယ်လေးသုံးစီးကို မြင်သည်နှင့်သူမအလိုလိုနေရင်းကြောက်နေမိသည်။ ကြောက် စိတ်များကြောင့်
သူမ၏ခြေလှမ်းများသည် ထိုနေရာမရွေ့တော့။ သူမသည်ရှေ့သွားရနိုး နောက်ဆုတ်ရနိုး လမ်းဘေးထွက်
ရှောင်ရနိုးဖြစ်နေခိုက် ထိုဆိုင်ကယ်လေးများသည် သူမအနားကိုဖြေးညင်းစွာရောက်ရှိလာသည်။
ဆိုင်ကယ်လေး နှစ်စီးသည် သူမကိုကျော်တက်သွားပြီး ကျန်တစီးမှာမူသူမအနားသို့ ထိုးဆိုဒ်လိုက်လေသည်။
ဆိုင်ကယ်သမားသည် သူ၏ဆိုင်ကယ်စီးဦးထုတ်ကလေးကို ချွတ်လိုက်သည်။
“ဟင်-ကို-ကိုငြိမ်းချမ်း”
“ဟုတ်တယ်ဆူးမ
ဆူးမကြောက်သွားလား”
“ကြောက်တာပေါ့”
“ကဲအခုမကြောက်နဲ့တော့
ကိုယ်ဆူးမကို ပြန်လိုက်ပို့ပေးမယ်”
“ဆူးမ”
“ကိုယ့်ကိုဆင်ခြင်မပေးနဲ့
ဆိုင်ကယ်ပေါ်တက်”
အထက်စီးဆန်ဆန်သူ၏အသံတို့ကြောင့် ဆူးမဆိုင်ကယ်ပေါ်သို့
ထိုင်လိုက်သည်။ သူသည်ဆိုင်ကယ်ကို ဖြေး ညင်းစွာမောင်းပြီး သာယာလှပသည့် ကမ်းစပ်လေးတနေရာသို့
သူမကိုခေါ်ဆောင်သွားလေသည်။
“ဆူးမကိုဘယ်ကိုခေါ်လာတာလည်းကိုငြိမ်းချမ်း”
“ဒီမှာလေ
ကြည့်ပါဦး သဘာဝရှု့ခင်းလေးတွေပြည့်နေတဲ့ ဒီကမ်းစပ်လေးနဲ့ တဟူးဟူးတိုက်နေတဲ့ လေညင်းလေး
တွေက ကြည်နူးစရာမကောင်းဘူးလား”
သူ့စကားလုံးများကြောင့် သူမသည် ပါတ်ဝင်းကျင်ကိုခေတ္တလေ့လာကြည့်သည်။
ထို့နောက်လေတွင် လွင့်ပါးနေ သော သူမ၏ဆံစလေးများကိုသိမ်းလိုက်သည်။
“ဟုတ်တယ်နော်
သာယာလိုက်တာ”
“ဆူးမစိတ်ထဲမှာ
ဘယ်လိုနေလည်း”
“တမျိုးကြီးဘဲ
ရင်ထဲမှကြည်နူးသလိုလို မပြောတက်ဘူး”
“ဒါဖြင့်ရင်
ဆူးမသိအောင် ကိုယ်တခုပြောမယ်နော်”
“ဘာများလည်းကိုငြိမ်းချမ်း”
“ဆူးမကို
ကိုယ်ချစ်တယ်”
“ရှင်”
“ဟုတ်တယ်ဆူးမ
ကိုယ်ဆူးမကိုမြင်မြင်ခြင်း သွယ်တာခဲ့မိတာပါ အဲ့ကနေဆူးမကိုချစ်တဲ့ စိတ်တွေ ကိုယ့်ရင်မှာ
သိမ်းထားလို့မရဖြစ်နေခဲ့တယ်”
စကားများနှင့်အတူ
သူ၏လက်ကလေးများသည် သူမ၏ပုခုံးနှစ်ဖက်ကို ညင်သာစွာ ကိုင်လှုပ်လိုက် မိသည်။
“ကိုယ့်ကို
တခုခုပြန်ပြောဦးလေ”
“ဆူး-ဆူးမဘာပြောမှာလည်း”
“ကိုယ့်ကိုချစ်တယ်လို့”
“အို”
“ဘာဖြစ်လို့လည်းဆူးမ”
“ဆူးမကြောက်တယ်”
“ကိုယ့်ကိုလား”
သူမ
ပြန်မဖြေပါ။ သူ့ကိုမရဲမ၀ံ့ကြည့်လိုက်မိသည်။ ထို့နောက်သူမ၏ခေါင်းကလေးကို ပြန်ငုံ့ထားလိုက်သည်။
“ဆူးမ”
“ရှင်”
“ကိုယ်
ဆူးမကို မိသားဖသားပီပီလာရောက် တောင်းရမ်းလက်ထပ်ယူမှာနော် အဲ့ဒါဆူးမသဘေားထားကို ကိုယ်
သိပါရစေ”
“အမေနဲ့
ကိုကြီးတို့နဲ့တိုင်ပင်ခြင်သေးတယ်”
“ဒီကိစ္စအတွက်
စိတ်မပူပါနဲ့ ကိုယ်ဒေါ်ဒေါ်ကိုအားလုံးဖွင့်ပြောပြီးသွားပါပြီ”
“ရှင်
ကိုငြိမ်းချမ်းက”
“ဟုတ်တယ်
ကိုယ်ဆူးမကို မေတ္တာရှိနေတဲ့အကြောင်း ကိုယ်ဒေါ်ဒေါ်ကိုဖွင့်ပြောပြီးပါပြီ ဒေါ်ဒေါ်သဘောတူလို့
ကိုယ်ဆူးမနဲ့ခုလို စကားပြောခွင့်ကြုံရတာပါ”
“အမေက”
“ဟုတ်တယ်ဆူးမ”
“အိုရှက်စရာကြီး”
ငြိမ်းချမ်းတစ်ယောက်သူမကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
သူမသည်ရုပ်တရပ်မို့ လန့်သွားပါသော်လည်း နခအကြာတွင် သူမ၏အသက်ရှုသံပြင်းပြင်းလေးကို သူကြားလိုက်ရသည်။
အေးမျသောသူမ၏လက်ကလေးများကို သူဆုတ်ကိုင်လိုက်ပြီး နွေးထွေးမှုကိုပေးလိုက်မိသည်။ ထို့နောက်သူသည်
သူမကိုရင်ခွင်မှခွာလိုက်ပြီး သူ၏ပိုက်ဆံ အိပ် ကလေးကို ထုတ်လိုက်သည်။ ထိုအိပ်လေးအတွင်းမှ
နတ်သမီးအသွင်ရှိ ရွှေလောကက်သီးလေးနှင့် တွဲထားသော ဆွဲကြိုး လေးတကုံးကိုသူမ၏ လည်ပင်းကို
ဆွဲပေးလိုက်သည်။
“ဒါ-ဒါ
ဘာလုပ်တာလည်း ကိုငြိမ်းချမ်း”
“ကိုယ်မင်းကို
ဘယ်လောက်တန်ဖိုးထားလည်းဆိုတာ သိစေခြင်တာပါ ဒါကကိုယ့်မိဘတွေငွေကြေးနဲ့ ၀ယ်ထား တာမဟုတ်ဘူးနော်
ကိုယ့်မုန့်ဖိုးထည်းကနေ ဆူးမအတွက် ကိုယ်ရည်ဆူးပြီးဝယ်ခဲ့တာပါကိုယ့်ကို ချစ်သည်ဖြစ်စေ
မချစ်သည်ဖြစ်စေ ဒါလေးတော့ လက်ခံပေးပါ မချစ်တော့လည်းမွေးနေ့လက်ဆောင် လို့သဘောထားပေးပါ”
“ဒီနေ့ဆူးမမွေးနေ့မှန်း
ကိုငြိမ်းချမ်းသိနေတယ်”
“မင်းနဲ့ပါတ်သက်သမျှ
အရာရာအားလုံးကို ကိုယ်လေ့လာထားပါတယ်”
သူမသည်
ငြိမ်းချမ်းဆွဲပေးသော လော့ကက်သီးလေးကိုကိုင်ကာ ကြေနပ်စွာပြုံးလိုက်မိသည်။
X – X – X – X – X – X – X – X – X – X - X
“သမီး- ဒီနေ့မောင်ငြိမ်းချမ်းတို့မိဘတွေ လာမယ်နော်
အဲ့ဒါခုထိဘာမှမပြင်ဆင်ရသေးပါလားသမီး”
“သမီးစိတ်တွေ
လေးနေတယ်အမေ”
“သမီးနေမကောင်းဘူးလား”
“ကောင်းပါတယ်
ဒါပေမဲ့စိတ်ထဲမှာတမျိုးကြီးဘဲအမေ”
“ညီမလေး
ဘာဖြစ်နေတာလည်း ကိုကြီးကိုပြောစမ်း”
“မပြောတက်ဘူးကိုကြီး
ညီမလေးစိတ်တွေလေးနေတယ် မပျော်ဘူး”
“အော်ကိုကြီးသိပြီ
ညီမလေးက ငြိမ်းချမ်းနဲ့လက်ထပ်ပြီးရင် သူတို့နဲ့လိုက်နေရမှာဆိုတော့ အမေနဲ့ကိုကြီးတို့နဲ့
ခွဲရမှာတွေးပြီး စိတ်မကောင်းဖြစ်နေတာမဟုတ်လား”
“အော်-ဒါများသမီးရယ်
တမြို့နယ်ထဲကလူတွေဘဲ လာလယ်လိုရရတဲ့ကိစ္စကို အမေတို့လည်းမကြာမကြာ သမီးဆီ ကိုသွားမှာပေါ့”
“သမီးအ၀တ်စားသွားလဲလိုက်ဦးမယ်အမေ”
သူမသည်
သက်ပြင်းကလေး ဖြေးညင်းစွာချပြီး အ၀တ်အစားလှဲရန်အခန်းလေးထဲသို့ ၀င်သွားလေသည်။
X – X – X – X – X – X – X – X – X – X - X
“ဒေါ်ဒေါ်ရေ
ဒေါ်ဒေါ်”
ဆိုင်ကယ်ဟွန်းသံနှင့်အတူ
ကိုရဲတစ်ယောက် အမောတကောဖြင့် ရောက်လာလေသည်။ သူ၏ခေါ်သံကြောင့် ကိုဒေါ်ထွေးငယ်နှင့်အတူ
ဆူးမနှင့်တကွ အကိုဖြစ်သူလည်း အိမ်လေးထဲမှ ထွက်လာခဲ့သည်။
“ဘာ
ဘာဖြစ်တာလည်း မောင်ကိုရဲ”
“ဟို
ဟို ငြိမ်းချမ်း ငြိမ်းချမ်းတို့မိသားစုဒီကိုအလာ လမ်းမှာကားပရိပ်ပေါက်လို့ လမ်းဘေးချော်ချသွားတာ
ခုဆေးရုံ မှာ”
“ရှင်!”
ကိုရဲစကားသံကြောင့်သူမ
အသက်ရှုရပ်သွားရသည်ဟုထင်ရသည်။ ထို့နောက်သူမသည် မြေပြင်ပေါ်သို့ လှဲကျသွားသည်။
“သမီးလေး
သမီးလေး”
“ညီမလေး
ညီမလေး လုပ်ပါဦးဗျာ ဆေးရုံပို့ရအောင်”
ကိုရဲတစ်ယောက်
ခေါင်းကိုကုတ်လိုက်ပြီး ကားငှားရန် လမ်းမပေါ်သို့ ပြေးထွက်လာခဲ့သည်။
X – X – X – X – X – X – X – X – X – X – X
“ညီမလေး ထမင်းစားရအောင်လေ”
“အော်ကိုကြီး
အမေကော”
“အမေက
ညီမလေးကိုထမင်းဝိုင်းမှာစောင့်နေတယ်”
“ဟုတ်ကဲ့”
“ညီမလေး
မျက်နှာလည်းမကောင်းပါလား ပြီးခဲ့တာလည်း ပြီးပြီဘဲညီမလေးရယ် ဒီလော့ကက်သီးလေးကိုကြီး
ကိုပေး အမေနဲ့သိမ့်းထားခိုင်မယ်”
“ဘာဖြစ်လို့လည်းကိုကြီး”
“ညီမလေးဒါကိုမြင်နေရရင်
သူ့ကိုသတိရနေမှာပေါ့ ညီမလေးရဲ့ကျန်းမာရေးကရှိသေးတယ်လေ”
“ညီမလေးမှာ
ဖြေသိမ့်စရာဆိုလို့ ဒါလေးဘဲရှိတာပါ ကိုကြီးရယ်”
“ကောင်းပြီလေ
ဒီလိုဆိုရင်လည်း ညီမလေးကိုယ့်ကျန်းမာရေးကို မထိခိုက်အောင်တော့ ကတိပေးရမယ်နော် ကိုကြီးတို့မှာ
ဒီမောင်နှမနှစ်ယောက်ထဲရှိတာ”
“ညီမလေးကတိပေးပါတယ်ကိုကြီး”
သူမသည်အကိုဖြစ်သူကိုပြုံးပြီးပြန်ဖြေလိုက်သည်။
သူမ၏အပြုံးများသည်အနှစ်သာရမရှိမှန်း အကိုဖြစ်သူ ရဲထက်အောင် သိနေပါသော်လည်း ညီမဖြစ်သူ၏ပုခုံးကို
ဖိညစ်ကာအားပေးလိုက်သည်။ ထို့နောက် မောင်နှမနှစ်ယောက် ထမင်းစားရန် အိမ်ထဲသို့ဝင်သွားကြလေသည်။
Sue Kat (nonentity)
No comments:
Post a Comment