အချစ်ဆိုတာ
အဖြေတခုလို့ဆိုခဲ့ရင်
အမေးခွန်းတွေက ဘာတွေဖြစ်မလဲ။
ချာတိတ်တယောက်ကဖြေလိုက်တယ်
စွန့်လွတ်ခြင်းပေါ့ မမရယ်။
အကိုကြီးတယောက်က တုန့်ပြန်တယ်
မဟုတ်ဘူး ရယူပိုင်ဆိုင်ခြင်းပါတဲ့။
ချာတိတ်မလေးတစ်ယောက်က အတွန့်တက်ပြန်ရော
မှားတယ် ပေးဆပ်ခြင်းလို့ဆိုရမှာပေါ့-တဲ့။
မောင်လေးတစ်ယောက်ကပြောပြန်တယ်
အနှစ်နာခံခြင်းဖြစ်မှာပေါ့တဲ့။
အပျိုကြီး ဒေါ်လေးငယ်
ခနဲ့ပြုံးနဲ့
အချစ်ဆိုတာ ပူလောင်ခြင်းပါ-တဲ့။
ဦးငယ်ကတော့ ပြုံးတုန့်တုန့်နဲ့
အေးမြခြင်းပါလို့ ပြောပြန်သတဲ့။
ကိုရင်လေးတပါးက ကြွလာတယ်
မေတ္တာ- မေတ္တာ အမေ့မေတ္တာလို့ မိန့်သွားခဲ့တယ်။
ဒီပဟေဋိတွေကြားမှာ
ဆယ်ကျော်သက်လေးတစ်ယောက်
မျက်လုံးကလေး ကလယ်ကလယ်နဲ့
ဒါ-အမေးလား အဖြေလားလို့တွေးနေရင်း
သူကိုယ်တိုင် မိဘနေရာရောက်နေခဲ့ပြီ။
No comments:
Post a Comment