တတောဝင်တတောင်တက်
ငါချီတက်ရင်းတောစိမ့်စမ်း တောင်ကျိုမ့်ဝှမ်းများကို ကျော်ဖျက်ရင်းခရီးတစိမ့်စိမ့်
ကျောတချိပ့်ချိပ့်ချီတက်နေရင်း ပြည်သူတို့အကြား စမ်းတ၀ါးဝါးလျှောက်
လှမ်းနေခဲ့သည်မှာ ယနေနှင့်ဆိုလျှင် ၁၀နှစ် ပင် ကျော်ခဲ့ပေပြီ။
တတောဝင်တတောင်တက်ငါချီတက်ရင်း
မောပန်းမှုအံ့တုလျှက် တောင်တန်းပြာလေး အ၀ိုက်တိုက်ခက် လာသော လေပြေလေးတချက်ကို အထူးပင်ကျေးဇူးတင်မိပါသည်။
ရင်တွင်းမှ မောဟိုက်မှုအလျှောက် အမိရင်မှ လာသောတေးသီချင်းလေးတပုဒ်ကို
နားဆင်နေရသည့်အလား မောပန်းမှုကိုပြေပျောက်ခဲ့ရသည့် အလွန်ကောင်းမွန်သော
ဆေးတခွက်ပင်ဖြစ်ပေသည်။
သဘာဝတောကျေးငှက်ကလေး၏ တေးတွန်သံသည်လည်း အလွန်ပင်သာယာ ငြိမ့်ညောင်း လှပေသည်။ သင်းကြိုင်မွေးပျံသော တောရိုင်းပန်းများကိုရူရှိုက်ရင်း ခရီးတသွင်သွင် စီးမြောနေသည်မှာ အလွန်ပင် ကြည်နူး စရာကောင်းလှသည်။ အလွန်ရိုးသားဖြူစင်သော သောရိုင်းပန်များ တောသူတောင်သားများအကြားဝယ် နွေးထွေးမှုတို့ အပြည့်ပင်။ တောင်တန်းပြာပေါ်တွင် ခရီးတခေါက်နားနေခိုက်ဝယ် “ဆရာမလေး-ကျမသားလေး အတော်နေထိုင် မကောင်းဖြစ်နေလို့ တချက်လောက်လိုက်ကြည့်ပေးပါဦးလား” “ဆရာမလေး- ဒါဆရာမလေးတို့ဖို့ကျတော်တို့ရွာ သားတွေ လာပို့တာပါ”။ ထိုသို့သော ရွာသူရွာသားများ၏အပြုံးနှင့် ဖေးမကူညီမှုတို့ကြောင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဘ၀တွင် အလွန်ပင်ပျော်ရွှင်ကြည်နူး သာယာဖွယ်ကောင်းလှသည်ဟု ကျွန်ုပ်တွေးထင်ခဲ့မိပါသည်။ သို့သော် ထိုအတွေးတို့ သည် အမေအို၏အပြုံးနုနုအောက်တွင် ပျောက်ကွယ်ခဲ့ရပေသည်။ အမှတ်မထင်ခရီးတခေါက် ၀င်ရောက်နားခိုမိသော အမေအို၏ တဲလေးထဲဝယ် အမေအို တစ်ယောက်ရာသီထွက်သီးနှံများကိုချက်ပြုတ်ကျွေးရင်း “ဖိုးမူတို့က ဘာလို့ရဲဘော် တွေနဲ့လိုက် နေကြတာလဲ” “လူထုတွေကို ကူညီဖို့ပေါ့ အမိုးရယ်” “သြော်- လူထုတွေကို ကူညီဖို့တဲ့လား” လို့အမယ်အိုကြီးက ကျွန်ုပ်၏မျက်နှာကိုပြုံးပြုံးလေးနှင့်ကြည့်နေသည်မှာ အနေပင်ခက်ခဲ့ရပေသည်။ အမယ်အိုချက်ပြုတ်ကျွေးမွေးခဲ့သော တောထမင်းဟင်းများကို မြိန်ရှက်စွာစားသောက်ပြီး ခရီူဆက်ရန်ပြင်ဆင်နေခိုက်တွင် “ဖိုးမူတို့ နောက်တခေါက်ကြုံရင် အမိုးတဲလေးကို ၀င်ခဲ့ပါဦး” လို့တဖွဖွအမှာတော်ပါးခဲ့လေသည်။ ဤကဲ့သို့ဖြင့် ရက်မှနေ့ နေ့မှလ လမှနှစ်ဆီသို့ အသွင်သွင် ကူးပြောင်းလာခဲ့ပေသည်။ တောတောင်အကြား IDPs ခေါ်သည့် Internal Displace Person ဌာနေမဲ့လူထုတွေအကြား ဆေးကုရင်းတဖုံ စာသင်ရင်းတလှည့် လှည့်လည်နေရင်း အမယ်အိုကြီးကို အမှတ်ရသည့်အတွက်ကြောင့် တပ်ခေါက်ကာ အမယ်အို သက်ရှိထင်ရှားရှိလင့်စကား အမယ်အိုရှိရာအရပ်သို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပေသည်။ ကျွန်ုပ်တို့ ကိုတွေ့သည်နှင့် အမယ်အိုသည်လက်မှကိုင်ဆောင်ထားသော ပေါင်းသင်ဓါးကောက်လေးကိုချကာ ခရီးဦးကြိုခဲ့ပါသည်။ “အမိုးရေ- ဒီတခေါက်တော့ အမိုးဆီမှာတညတည်းပြီးမှ ဖိုးမူတို့ခရီဆက်မှာနော်” “အဟွတ်-အဟွတ် ဟေ……… ရတာပေါ့ ဖိုးမူရယ် ရပါ့အမိုးလည်းစကားပြောဖော်မရှိတာကြာလှရော” အမယ်အို၏ ချက်ပြုက်ကျွေးမွေးသော မျှစ်ဟင်းချိုနှင့် ပဲငပိချက်ကို မြိန်ရှက်စွာ စားသောက်ပြီး တပ်များကိုနေရာချကာ လရောင်အောက်တွင် အေးအေးလူလး ထိုင်နေမိပါသည်။ “မိုးမူကိုရှာနေတာ ဒီရောက်နေတာကို- ရော မြောက်ဥပြုတ်ပူပူလေးစားလိုက်ပါဦး” ဆိုပြီး ကျွန်ုပ်၏ ဘေးတွင်ညင်သာစွာ ထိုင်ချလိုက်သည့် အမယ်ကိုကို အပြုံးဖြင့် ကြိုမိပါသည်။ “အဟွတ်အဟွတ်” ချောင်းတွေအဟွတ်ဟွတ်ဆိုးနေသော အမယ် အိုကို ကျွန်ုပ်တို့တွင်ရှိသော ဆေးများဖြင့် ကူညီပေးခဲ့ပါသည်။ ထိုသို့ဆေးများကိုသောက်စေပြီးနောက် အမယ်အိုထံမှ “ဖိုးမူတို့ ပြောပြောနေတဲ့ အိုင်ထီဖီး ဆိုလာ ဘာလားကွယ် အဲ့ဒါတွေ ဘာကိုပြောတာလဲဖိုးမူ” မပီကလာ ပီကလာနှင့် အိုင်ဒီဖီ(IDPs)ကို အိုင်ထီဖီး လို့မေးလာသောအမိုးကို ကျွန်ုပ်ညင်သာစွာပြုံးပြနေမိပါသည်။ “အမိုးရယ် အိုင်ဒီဖီ ဆိုတာ ဌာနေမဲ့ပြည်သူတွေ နေစရာအိုးအိမ်တွေမရှိလို့ တောထဲတောင်ထဲမှာ ရေကြည်ရာမြတ်နုရာရွေ့ပြောင်းနေထိုင်ကြတဲ့ သမီးတို့လူထုတွေကိုပြောတာပေါ့” လို့ စိတ်ရှည်စွာဖြင့်ပြန်လည်ဖြေကြားပေးခဲ့ဖူးပါသည်။ “အော်-အော်- ဌာနေမဲ့လူတွေ ပြီးတောနေစရာမရှိတဲ့လူတွေကိုပြောတာလား၊ သမီးတို့က သူတို့ကိုလိုက်ြပီး ကူညီနေတာပေါ့နော်” “ဟုတ်တယ်လေ-အမိုး ရဲ့သူတို့လိုအပ်နေတဲ့ ကျန်းမာရေးတွေ ကလေးတွေရဲ့ ပညာရေးတွေ စာဖတ်တက်ရေးတက်အောင် တက်နိုင်သလောက် လိုက်ပြီးကူညီနေတာပေါ့” “အေးအေး-ကောင်းပါပြီ- ဒါနဲ့လူတွေဘာ့ကြောင့် ဌာနေမဲ့တွေဖြစ်နေရတာလဲဆိုတာ သမီးတို့ဘာလို့ မစဉ်းစားကြတာလည်းကွယ်- ကဲကဲ ထားပါတော့လေ အမိုးလည်းနားလိုက်ဦးမယ် ဖိုးမူတို့လဲနား ချင်ရော ပေါ့” ဆိုပြီးတဲလေးရှိရာကို တရွေ့ရွေ့သွားနေသော အမယ်အိုကို ကျွန်ုပ်အတွေးပေါင်းများစွာဖြင့် ငေးမောပြီး ကျန်ရစ် နေမိပါသည်။

နောက်တနေ့မနက်တွင်
ကိယ်စီတာဝန်များနှင့်အလုပ်ရုပ်ထွေးနေသော ရဲဘော်များတိုက်ဖော်တိုက်ဖက်ရှင်
ဖော်သေဖက်များကိုကြည့်ရင်း အမယ်အို၏မျက်ဝမ်းအိမ်မှ အဖြေပေါင်းများစွာကို
ကျွန်ုပ်ရှာ ဖွေနေမိပါသည်။ သို့သော် လွန်စွာလေးနက် နက်နဲလှသောအမေအို၏
မျက်ဝန်းမှအဖြေများကို ကျွန်ုပ်ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင်ခက်ခဲလှပေသည်။
ခရီဆက်ရန်ရှိသော်ငြားလည်း အမယ်အိုနှင့်စကားစမြည်ပြောလိုသေးသောကြောင့် ခရီးစဉ်ကို
နာရီအနည်းငယ်မျှ ရွှေ့လိုက်မိသည်။ “အမိုး- အမိုးမနေ့ကပြောတာကို ဖိုးမူမရှင်းလို့
နားရှင်းအောင်ပြောပါဦးလားအမိုးရယ်” လို့ကျွန်ုပ် တောင်းဆိုမိပါသည်။ “ဟေ- ဘာကိုတုန်းဖိုးမူရဲ့” “အော်-အမိုးရယ်
မေ့တက်ရန်ကော ဘာ့ကြောင့်ဌာနေမဲ့တွေ ဖြစ်နေရ တာလည်း ဆိုတဲ့အကြောင်းပေါ့” “အော်-အေးဟုတ်သားဘဲ
အမိုးကဖိုးမူစိတ်မှဝင်စားပါ့မလားလို့၊ တကယ်တန်း ကျတော့ ပြည်သူတွေကိုလိုက်ပြီး
ကူညီနေတယ်လို့ပြောနေကြတဲ့ လူတွေကြားထဲမှာ ပြည်သူတွေရဲ့ဘ၀တွေ အများ ကြီးသေကြေ ပျက်ဆီးခဲ့ရပါတယ်သမီး”
“သေကြေပျက်စီးရတယ်” “ဟုတ်တယ် သေကြေ ပျက်စီးရတယ် ကညာပျိုတွေ သွေးမြေကျလို့
အရိုင်းပန်းတွေ ကြွေနွမ်းခဲ့ရတယ်”
အမိုးရေအမိုး “ကျတော်တို့က
တိုင်းပြည်နဲ့လူမျိုးအတွက် ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို အကာ အကွယ်ပေးနေတဲ့တပ်မတော်သားတွေပါ
ကျတော်တို့အခုစားနပ်ရိက္ခာ ပျက်နေလို့ ဆန်တပုံးနဲ့ငါးပိလေးဘာလေး အလျှူခံ ပါဦး” အမိုးရေအမိုး “ဖိုးခွားတို့က (---)ကပါ
ကျတော်တို့လူထုတွေရဲ့ အသက်လှုံခြုံမှုအတွက် လက်နက်ကိုင် နေတာ” ပါသွားပြန်ပြီ ၀က်တစ်ကောင်၊
အမိုးရေအမိုး “ကျတော်တို့က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရဲဘော်တွေပါ” ပါသွားပြန်ပြီ
ကြက် ၂ကောင်၊ အမိုးရေအမိုး ကျတော်တို့ကဘာ ကျတော်တို့ကညာနဲ့တနှစ်မှာ
ရှိလှမှရက်ပေါင်း ၃၆၅ရက်။ အဲ့ဒီ ဘာညာ ဘာညာတွေအောက်မှာကျော်ဖြတ်ခဲ့ရတဲ့ရက်ပေါင်းက
မနဲလှပါဘူးသမီး။ အမိုးတို့က ပေါက်ပြား၃ချက် ပေါက်ရင် ကိုယ့်အတွက်ဆိုတာ
အဲ့ဒီပေါက်ပြား တချက်ပေါက်တာရဲ့ တ၀က်လောက်ဘဲစားကြရတယ်။ ဘာလို့လဲဆိုတော့ ပထမ တချက်က
အဲ့ဒီဘာညာဘာညာတွေအတွက် ဒုတိယတချက်ကတော့ ကျေးရွာအလှူခံတွေအတွက် နောက်ဆုံးကျန်တဲ့ တချက်ရဲ့
တ၀က်ကတော့ကိုယ့်သားသမီးတွေ ဆွေမျိုးသင်္ကံကဟတွေ အတွက်နဲ့ကျန်တဲ့ တ၀က်ကတော့ ကိုယ့်
အတွက်ပေါ့။” ပြီးတော့ တတုန်းတုန်းနဲ့ မိုးချိန်းသံတွေလိုရွာနေတဲ့
အခုသမီးတို့ကိုင်နေတဲ့ သေနပ်တွေ တိုက်ပွဲတွေ ကြောင့် လဲ လူတွေ
အိုးမဲ့အိမ်မဲ့ဖြစ်ကြရတာ” ထိုသို့ညဉ်းညူစွာပြောဆိုနေသော
လွမ်းမြမြအမေအို၏မျက်နှာကိုငေးမောရင်း မိမိကိုယ်တိုင်အတွေးပေါင်းများစွာထဲတွင်
သံတရာ လည်နေမိပါသည်။ မိမိတို့ပြည်သူလူထုများသည် အထက်အောက် ဆင်တူဝတ်စုံဝတ်နေကြသော လူမှန်သမျှကိုကြောက်နေကြရပေသည်။ ထို့နည်းတူစွာပင်
အနက်ရောင်ကဲ့သို့သော အရောင်နှင့် ယင်းအရောင်နှင့်ခပ်ဆင်ဆင်ဖြစ်နေသော
အရောင်မှန်သမျှကိုလည်းကြောက်နေကြရပေသည်။ လွတ်လပ်မှု တရားမျှတမှု အမှန်တရားကင်းဝေး
ဝေးကွာနေသော ခေတ္တကြီးစနှစ်ဆိုးကြီး အောက်တွင် ရှင်သန်နေရသော ပြည်သူ လူထုတို့၏ဘ၀သည်
အလွန်ပင် ပင်ပန်းလွန်းလှပေသည်။ အမှန်စင်စစ်မှုပြည်သူတို့၏အနာဂတ်သည် အလွန်ပင် ပင်ပန်းဆင်းရဲလွန်းလှပေသည်။
လှပျိုဖြူတို့၏ဘ၀ပေါင်းများစွာတို့သည်လည်း
မတူကွဲပြားချားနားသည့် လက်နက်ကိုင် အဖွဲ့များအကြားတွင် ဘ၀ပေါင်းများစွာကိုစတေးခဲ့ရပေသည်။
ထို့အတူလူမမယ်ကလေးငယ်များ စွာတို့သည်လည်း စစ်၏ သားကောင် များဖြစ်ခဲ့ ရပေသည်။ စစ်၏ကျေး ကျွန်များဖြစ်ခဲ့ရသော အမယ်အိုတို့၏အရည်အတွက်သည်လည်း
လက်ချိုးရည်တွက်၍ ပင်မရနိုင် လောက်အောင်ပင်များ ပြားလွန်းလှပေသည်။ စစ်၏စနှစ်ဆိုးကြောင့်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မိသားစုဝင်ပြည်သူ အများ တို့ ၏ ဘ၀လည်းအလွန်ပင်နာကြည်းစရာကောင်းလွန်းလှပေသည်။
ဒသနများတိုင်းတာလျှက် စစ်ဆိုသည့် စနှစ်ဆိုးကြီး အောက်မှ ပြည်သူတို့၏ဘ၀များအမြန်ပင်လွတ်မြောက်စေလိုပေသည်။
ငြိမ်းချမ်းမှု
တရားမျှတမှုအတွက် စစ်မှန်သောတိုက်ပွဲများကို ဆင်နွဲနေကြသည်ဟုဆိုကြ သောကမ္ဘာအရပ်ရပ်မှ
လက်နက်ကိုင်အဖွဲ့အစည်းများအသီးသီး ကျွန်ုပ်တို့သည် ပြည်သူများအတွက် အမှန်တကယ်
ငြိမ်းချမ်းမှုတရားမျှတမှုနှင့် ဘ၀လုံခြုံမှုများကို သယ်ဆောင်လာနိုင်ပါ၏လော။
နေရာဒေသအသီးသီးမှတည်ရှိကြကုန်သော လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးတို့သည် ခံယူချက်အသီးသီးရှိကြမည်မှာအမှန်ပင်။
၎င်းတို့၏ခံယူချက်များသည်လည်း ပြည်သူသည် သာအမိ ပြည်သူသည်သာအဖ
ပြည်သူများကိုအလုပ်အကျွေးပြုသော နိုင်ငံသားကောင်းရတနာ များအမှန် တကယ်ဖြစ် ကြမည်ဆိုလျှင်
လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်မီးများကိုရပ်တန့်၍ ပြည်သူကိုအမှန်တကယ် အလုပ်အကျွေးပြု
လိုသော အစိုးရတရပ်ကိုဖွဲ့စည်းကာ ပြည်သူတို့ကို ထောက်ထားရန်လိုအပ်ပေပြီ။
မီမီတို့ပြည်သူလူထုများ၏ ဘ၀သည် ဟိုလူလာလည်းထု ဒီလူလာလည်းထုတထုထုတည်းအထုခံနေရသည့်ဘ၀မှလွတ်မြောက်ခြင်ကြလှပြီ။ကမ္ဘာအရပ်ရပ်မှ ဖြစ်ပေါ်နေသော
ပြည်တွင်းစစ်ကိုသော်လည်းကောင်းတိုင်းတပါးအခြင်းခြင်းကျူးကျော်စစ်ကိုသေည်လည်းကောင်း
ကျေးဇူးပြု၍ ရပ်တံ့ပေးပါ။
No comments:
Post a Comment